Diet မစခင် လေ့လာသင့်တဲ့ အချက်တွေ
Gym ကစားနေတာကြောင့်ဖြစ်စေ၊ ခန္ဓာကိုယ်အချိုးအစား လှပချင်လို့ ဒါမှမဟုတ် ကိုယ်အလေးချိန် မြန်မြန်ကျချင်လို့ အစရှိတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် လူတွေ Diet လုပ်ကြပါတယ်။ ပုံမှန်အားဖြင့် Diet ဆိုတာ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံလို့ သတ်မှတ်လို့ရပြီး လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ အစာအုပ်စုကို စုံလင်အောင် စားပေးတာကို ဆိုလိုတာပါ။ တချို့လူတွေကတော့ လိုချင်တဲ့ပုံစံတစ်ခုပေါ် မူတည်ပြီး ဒီစံနှုန်းကနေ ကွဲထွက်လို့ အချိန်တိုအတွင်း ကိုယ်မျှော်မှန်းထားတဲ့ပုံစံအနေအထားမျိုးရအောင် တင်းကြပ်တဲ့၊ ရွေးချယ်စားသောက်ရတဲ့ စားသောက်မှုပုံစံကို ပြောင်းလိုက်ကြပါတယ်။ ဒီတော့ Diet မစတင်ခင်မှာ သင့်အနေနဲ့ ဘာတွေသိထားဖို့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်မလဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။
၁။ သင် တကယ် Diet လိုအပ်ရဲ့လား ပြန်စဉ်းစားပါ။
တခြားလူတွေ ဒါကိုလုပ်နေလို့ ကိုယ်က Trend နောက်လိုက်ပြီး အတုခိုး Diet လုပ်တဲ့ဖြစ်စဉ်တွေ များလာတာကြောင့် ဒီအချက်ကို အရင်စဉ်းစားဖို့လိုပါတယ်။ အကြောင်းရင်းမရှိ၊ ကိုယ်မှန်းထားတဲ့ပုံစံတစ်ခုမရှိဘဲ Diet တစ်ခုစတင်ပြီး အစားအသောက်တွေ ရွေးပြီးစားသုံးတဲ့အခါ ကိုယ့်အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်သွားနိုင်သလို၊ တစ်ဖက်မှာလည်း ကိုယ့်ကျန်းမာရေးနဲ့ မသင့်တော်တာတွေ ဖြစ်သွားနိုင်ပါတယ်။
၂။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြိုပြင်ထားပါ။
Diet လုပ်တယ်ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ပိန်ချင်လို့ Diet လုပ်မယ်ဆိုပြီး၊ ၁-၂ ရက်နေတော့ ဒီအစားရွေးရတဲ့ဒဏ်၊ အစားရှောင်ရတဲ့ဒဏ်ကို မခံနိုင်လို့ နဂိုဒုံရင်းအတိုင်းပဲ ပြန်ဖြစ်သွားသူတွေ ဒုနဲ့ဒေးပါပဲ။ ဒီတော့ ကိုယ်က Diet တစ်ခုကို မစတင်ခင်မှာ ဒီလိုမျိုး အစားရွေးရတဲ့၊ အစားရှောင်ရတဲ့ အခြေအနေတွေ၊ မကြိုက်တာကို သည်းခံကြိတ်မှိတ်စားနေရတာ၊ တခြားသူတွေက ကိုယ့်ရှေ့မှာ ကိုယ်ကြိုက်ပေမယ့် စားမရတာတွေကို မြိန်ရေရှက်ရေ စားပြတာကို သည်းခံနိုင်မလား အစရှိသဖြင့် ဒီဖြစ်လာမယ့်အရာတွေအတွက် ကိုယ့်စိတ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်အောင် အားမွေးထားပါ။
၃။ နားလည်ကျွမ်းကျင်သူနဲ့ အရင်တိုင်ပင်ပါ။
ကိုယ့်သဘောနဲ့ကိုယ် Trend ဖြစ်နေတဲ့ Diet plan တစ်ခုကို ရွေးစားတာထက် နားလည်တတ်ကျွမ်းတဲ့ အားကစားနည်းပြ၊ Gym နည်းပြ၊ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ အရင်ဦးဆုံး တိုင်ပင်ဆွေးနွေးပြီး ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်အချိုးအစားပုံစံ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတွေကို ကြိုတင်ပြောပြထားပါ။ ပညာရှင်တွေက ကိုယ်လိုချင်တဲ့ပုံစံပေါ် မူတည်ပြီး သင့်တော်တဲ့ စားသောက်မှုပုံစံနဲ့ ဘာတွေကို ဘယ်လောက်စားမလဲဆိုတာကို ရွေးချယ်ပေးပါလိမ့်မယ်။
၄။ လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပါ။
ကိုယ်က ကျန်းမာရေးတစ်ခုတည်းကြောင့်ဆိုရင်တော့ Diet တစ်ခုတည်းနဲ့ လုံလောက်ပေမယ့် ကိုယ်ခန္ဓာအချိုးအစားတစ်ခုကို Target ထားထားတာဆိုရင်တော့ လေ့ကျင့်ခန်းနဲ့ တွဲလုပ်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကျချင်သူတွေ၊ ကိုယ်ခန္ဓာသွယ်လျချင်သူတွေအနေနဲ့ လေ့ကျင့်ခန်းနဲ့ပဲ ပေါင်းလုပ်ပေးမယ်ဆိုရင် ကယ်လိုရီပိုလောင်ကျွမ်းပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှုတွေကို လျင်မြန်စေလို့ လိုချင်တဲ့ပုံစံတစ်ခုကို အချိန်တိုအတွင်းမှာ ဖြစ်လာအောင် ပုံသွင်းနိုင်မှာပါ။
၅။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ သင့်တော်မှုရှိမရှိ ပြန်ဆန်းစစ်ပါ။
အကယ်လို့ ကိုယ့်မှာ ဆီးချိုရောဂါ၊ အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်တဲ့ ပြဿနာ၊ စားသောက်မှုပုံစံမမှန်တဲ့ ပြဿနာ၊ ဓာတ်မတည့်ပြဿနာ၊ ရောဂါသောက်ဆေး၊ ဆေးပြင်းတွေ စွဲသောက်နေရတာဆိုရင် Diet မစခင်မှာ ဆရာဝန်နဲ့ အရင်ပြထားပြီး ကိုယ့်အတွက် Diet လုပ်ဖို့ အဆင်ပြေနိုင်မလားဆိုတာကို သေချာစစ်ကြည့်ဖို့ အရေးကြီးပါတယ်။
၆။ Diet plan ကို အတိအကျလိုက်နာပါ။
Diet တစ်ခုစတော့မယ်ဆိုရင် အကောင်းဆုံးက စားရမယ့်အစားအစာတွေ၊ ရှောင်ရမယ့်အရာတွေ၊ စားသုံးမှုပမာဏ အတိအကျကို သေချာလိုက်နာဖို့လိုအပ်ပါတယ်။ ဒါကို သွေဖယ်ပြီး စားလို့မရဘူးလားဆိုရင်တော့ ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရဖို့ဆိုတာတော့ အနည်းငယ် နှောင့်နှေးသွားပြီး Diet ရဲ့ အကျိုးရလဒ်အပြည့်အဝကို ခံစားရနိုင်မှာမဟုတ်ပါဘူး။
၇။ ရေရှည်လား၊ ရေတိုလားအရင်စဉ်းစားထားပါ။
ဥပမာ - ကိုယ်ကပြိုင်ပွဲတစ်ပွဲ၊ Photo Shooting ရှိလို့၊ ခရီးထွက်စရာရှိလို့ စတဲ့အကြောင်းရင်းတွေကြောင့် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လိုချင်တဲ့ခန္ဓာကိုယ်ရအောင် ရေတို၊ ယာယီ Diet မျိုး လုပ်တဲ့သူတွေရှိသလို၊ ကျန်းမာရေးကြောင့်၊ အားကစားကြောင့်ဆိုပြီး ရေရှည် Diet လုပ်ဖို့ စဉ်းစားထားသူတွေ ရှိတဲ့အတွက် ကိုယ့်ရဲ့ လိုချင်တဲ့ပုံစံပေါ် မူတည်ပြီး ဒါကို နားလည်ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ထားဖို့ အရေးကြီးပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် Diet လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ရော ရုပ်ပိုင်းဆိုင်ရာ လှပဖို့အတွက်ပါ ကောင်းကျိုးများစွာ ရှိနိုင်ပေမယ့် ကိုယ်လိုချင်တဲ့ Target နဲ့ ကိုယ့်ရဲ့ Diet plan ကိုက်ညီမှုရှိဖို့၊ ဒီပလန်အတိုင်းကို အတိအကျ လိုက်နာစားသောက်ဖို့ အရမ်းအရေးကြီးပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်